မန္တလေး ဖေဖော်ဝါရီ ၂၄
မန္တလေးတက္ကသိုလ်နှင့် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့ ပူးပေါင်းကျင်းပသော အပြည်ပြည်ဆိုင်ရာ လက်ဖက်စာတမ်းဖတ်ပွဲဖွင့်ပွဲကို မန္တလေး တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ အဖွင့်အမှာစကားပြောကြားပြီး Oxford ဆရာတော် ,Venerable Professor အရှင်ဒေါက်တာ Dhamma Sami က အမှာစကားချီးမြှင့်သည်။ ထို့နောက် မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းဉက္ကဋ္ဌ ဒေါ်ညိုညိုစန်းတို့က အပြည်ပြည်ဆိုင်ရာ လက်ဖက် စာတမ်းဖတ်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ၎င်းနောက် အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးသည်။ ယင်းနောက် အပြည်ပြည်ဆိုင်ရာ လက်ဖက် စာတမ်းဖတ်ပွဲအား ဆက်လက်ကျင်းပရာ ပြည်တွင်း/ပြည်ပမှ လက်ဖက်စာတမ်း ပညာရှင် (၃၅) ဦးမှ လက်ဖက်နှင့်ပတ်သက်သော စာတမ်း (၃၅) စောင်အား ဖတ်ကြားသည်။
အဆိုပါ အခမ်းအနားသို့ Oxford ဆရာတော်နှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပ စာတမ်းရှင်များ၊ မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်အသီးသီးမှ သုတေသနပညာရှင်များ၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)