ပွင့်ဖြူမြို့နယ်၌ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ချပြရှင်းလင်းဆွေးနွေး

ပွင့်ဖြူ        ဖေဖော်ဝါရီ         ၂၄

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၀ ခုနှစ် ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားနိုင်ရေးအတွက် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၏ တာဝန်၊ လုပ်ပိုင်ခွင့်များနှင့် ပတ်သက်ပြီး ချပြရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ ရှောက်တောကျေးရွာ (အ.ထ.က)ကျောင်း  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်စန်းမြင့် က ယခု တွေ့ဆုံပွဲသည် မြို့နယ်အတွင်း ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားနိုင်ရေးအတွက် ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်မြေ(၂)မှ ကျေးရွာအုပ်စု(၁၁)အုပ်စုအတွင်းရှိ ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအနေဖြင့် မိမိတို့ တာဝန်ယူ ဆောင်ရွက်ရမည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို မှန်ကန်စွာ အသုံးချဆောင်ရွက်သွားကြ စေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ လုပ်ထုံး၊ လုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်း ပြောကြားသည်။

၎င်းနောက် တက်ရောက်လာသည့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မြို့နယ်အတွင်း ၂၀၂၀ ခုနှစ် ၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ တာဝန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များအပေါ် ကျေပွန်စွာ ဆောင်ရွက်သွားရန်ကိစ္စရပ်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက တက်ရောက်လာသူများ၏ တင်ပြဆွေးနွေးချက်များအပေါ် ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )