ကျေးလက်ဒေသ သောက်သုံးရေ ဖူလုံစေရေး စက်ရေတွင်း တူးဖော်ပေး

မအူပင်  ဖေဖော်ဝါရီ  ၂၄

၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေဖြင့် အဂါးကျေးရွာအုပ်စု၊ စကားလွန်းကျေးရွာ၌ သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှုကို ယနေ့နံနက် ၁၁ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးသိန်းစိုးနှင့်အဖွဲ့မှ ကျေးရွာရေပေးရေး ကော်မတီများနှင့်အတူ စကားလွန်းကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို စစ်ဆေးကြည့်ရှုရာ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေးနှင့် စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့သည်။

အဆိုပါ စကားလွန်းကျေးရွာ သောက်သုံးရေ ရရှိရေးလုပ်ငန်းအား ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် (၁၄.၁၉၇၄)သန်းဖြင့် အနက်ပေ (၄၀၀)ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ (၂၄၀၀)ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း (၁၀ပေ×၁၀ပေ×၁၈ပေ)ရှိ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မအူပင်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေ ရရှိရန်အတွက် တွင်းနက်တူးဖော်ခြင်း လုပ်ငန်းများကို စကားလွန်းကျေးရွာအပါအဝင် သိုက်ကုန်း၊ ငရစ်ဆယ်၊ တော်တလုပ်၊ ကံကုန်း၊ တောင်ကွင်း စသည့် ကျေးရွာ (၆)ရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် (၇၀.၂၀)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)