လေးမျက်နှာမြို့(မြတ်စေတနာ)အခမဲ့ဆေးခန်း၌ 2019 Novel Coronavirus ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

လေးမျက်နှာ     ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့(မြတ်စေတနာ)အခမဲ့ဆေးခန်း၌ ဆေးလာရောက်ကုသသူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သတ်၍ကြိုတင် ကာကွယ်နိုင်ရေးရည်ရွယ်၍ မြို့နယ်ကုသ/ကျန်းမာရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက မြတ်စေတနာ အခမဲ့ဆေးခန်း၌ကျင်းပသည်။

ဟောပြောပွဲတွင်မြို့နယ်ကုသ/ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစုစုလှိုင်နှင့် မြို့နယ်ကျန်းမာရေးမှူး ဦးမျိုးကျော်သူထွန်းတို့က 2019 Novel Coronavirus ရောဂါအကြောင်း၊ ကူးစက်ပြန့်ပွားနေမူအခြေအနေများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ရှောင်ရှားရမည့် အချက်များ၊ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုလုပ်ငန်းများနှင့် ဆောင်ရွက်မှုများ၊ သက်ဆိုင်ရာဌာနများနှင့် ပြည်သူများလက်တွဲပြီး Coronavirus ရောဂါသံသယရှိလူနာတွေရှိပါက သက်ဆိုင်ရာသို့သတင်းပေးပို့ ကူညီဆောင်ရွက်ရေး၊ နှခေါင်း/ပါးစပ်စည်း (Mark) အသုံးပြုပုံနည်းလမ်းများကို ရှင်း လင်းပြောကြားခဲ့သည်။

ထို့နောက် Coronavirus နှင့်ပတ်သတ်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဒေါက်တာစုစုလှိုင်က ရှင်းလင်းဖြေကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဆေးကုသသည့် လူနာများ၊ မိဘပြည်သူများတက်ရောက်ကြပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများမှ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)