မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စု တယ်ကုန်းကျေးရွာတွင်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြန်အောင်   ဖေဖေါ်ဝါရီ   ၂၃

ကျေးလက်ဒေသနေပြည်သူများ အသိပညာတိုးပွားရေးနှင့် လူမှုစီးပွားတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲနှင့် ဌာနဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို ယနေ့နံနက်က မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စု တယ်ကုန်း ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချိုက ပြည်သူတွေသိသင့်သိထိုက်တဲ့ မြို့နယ်အဆင့်ဌာနဆိုင်ရာလုပ်ငန်းတွေအကြောင်း၊ ပြည်သူတွေရဲ့ဒေသလိုအပ်ချက် တင်ပြချက်များသိရှိစေရန်နှင့်ပြည်သူ‌တွေ အသိပညာတိုးပွားရေးအတွက် အသိပညာပေးဟော ပြောပွဲများကို တစ်လနှစ်ကြိမ် စီမံချက်ရေးဆွဲပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွန်ချက်နှင့် အညီဆောင်ရွက်ပေး လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြန်အောင်မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဝင် ဦးခင်‌မောင်သက် က ဥပဒေဆိုင်ရာအထောက်အကူပေးခြင်း ရည်ရွယ်ချက်နှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။

မြို့နယ်အား/ကာ ဦးစီးမှူး ဦးဝင်းမင်းဇော်က လူငယ်များကျန်းမာကြံ့ခိုင်ပြီး ထူးချွန်သော အားကစားသမားများဖြစ်လာစေရန် ဆောင်ရွက်ပေးနေမှုကို ရှင်းလင်းပြောကြားပြီး မြန်အောင်မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ဇော်လတ်က မှုခင်းကျဆင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်း အသိပညာပေးဟောပြောသည်။

အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှူးရုံး မြန်အောင်မြို့မှ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပြီးစီးမှုများကို ကျေးရွာအုပ်ချုပ်ရေးမှူးအားပေးအပ်ခဲ့သည်။ ထို့နောက်ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်  မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကြပြီး မြန်အောင်မြို့နယ် တိုင်းရင်းဆေးကု ဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှူးရုံး မြန်အောင်မြို့ ၊မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့က ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အခမဲ့ ဆောင်ရွက်ပေးခဲ့ကြသည်။

ဝင်းဗိုလ် (မြန်အောင်)