မန္တလေး ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး၏ လမ်းညွှန်မှုဖြင့် မီးသတ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြလေ့ကျင့်မှုကို ယနေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေး သာစံမြို့နယ်၊ ဒေးဝန်းနောက်ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
“မန္တလေးမြို့မှာဆိုရင် ၂၀၂၀ ဆန်းတာနဲ့ တစ်ပြိုင်နက် မီးလောင်မှုအကြိမ်ရေတွေက တစ်နေ့ထဲနဲ့လည်း ၃ ကြိမ် ၄ ကြိမ် အဲလောက်ထိ များနေတဲ့အတွက်ကြောင့် ပြည်သူလူထုနဲ့ မီးသတ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မီးငြှိမ်းသတ်ရေးလုပ်ငန်းမှာလည်း ထိထိရောက်ရောက်နဲ့ လုပ်ကိုင် ဆောင်ရွက်နိုင်တယ်။ ဆုံးရှုံးမှုတန်ဖိုးအနည်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင် ရည်ရွက်ချက်တွေနဲ့ ဆက်တိုက်လေ့ကျင့်ခန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု မန္တလေးခရိုင် မီးသတ် ဦးစီးမှူး ဦးကျော်ဆန်းက ပြောသည်။
အဆိုပါ မီးသရုပ်ပြပွဲကို မန္တလေးခရိုင်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ သရုပ်ပြလေ့ကျင့်ပေးခဲ့ကြောင်း၊ မန္တလေး (၇) မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ဈေးများ၊ ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများသို့ သွားရောက်၍ မီးသရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများ၊ ဟောပြောပွဲများနှင့် အသိပညာပေးခြင်းများ ပြုလုပ်ပေးခြင်း၊ ရပ်ကွက်များသို့ သွား၍ အန္တရာယ်ကင်းပရိတ်များ ရွတ်ဖတ်ပေးခြင်း၊ အိမ်များသို့ ကွင်းဆင်းကာ မီးဘေးအန္တရာယ်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိပ်ထားနိုင်