မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နောက်ဖေးလမ်းကြားဥယျာဉ်နှင့် ကလေးကစားကွင်းဖွင့်ပွဲ ကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ    ၂၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်အတွင်းရှိ (၁၀၁)လမ်းတွင်   “ လူချစ်နတ်ချစ် ၁၀၁ “ နောက်ဖေးလမ်းကြားဥယျာဉ်နှင့် ကလေးကစားကွင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ  ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းမှ နောက်ဖေးလမ်းကြားဥယျာဉ်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ဖို့မြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ (၁၀၁)လမ်းအတွင်းရှိ နောက်ဖေး လမ်းကြားဥယျာဉ်နှင့် ကလေးကစားကွင်းကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးစည်ပင်သာယာရေး ဝန်ကြီး၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့ဝင်များ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်လှိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

စိမ်းလဲ့ထွန်း (ပြန်/ဆက်)