ပြည်သူ့ဝန်ဆောင်မှု(OSS)လုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေး

ပွင့်ဖြူ       ဖေဖော်ဝါရီ      ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်သူ့ဝန်ဆောင်မှု (OSS)လုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာအုပ်စု၊ ရှားတောကျေးရွာသို့ သွားရောက်ပြီး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့ဝန်ဆောင်မှု (OSS) လုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က  ဌာနဆိုင်ရာများစုပေါင်း၍ မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုရေး ၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် လုပ်ငန်းလိုအပ်ချက်အခက်အခဲများကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ကျေးရွာများသို့ ကွင်းဆင်း ကာ ဝန်ဆောင်မှုပြုလုပ်ပေးလျက်ရှိပါကြောင်းနှင့် မိမိတို့ကျေးရွာနေပြည်သူများအနေဖြင့် လိုအပ်ချက်အခက်အခဲများကို တင်ပြ ဆောင်ရွက်နိုင်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွင် ပါဝင်ကြသည့် ဌာနဆိုင်ရာများက ပြုလုပ်ဆောင်ရွက်ပေးသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးဟောပြောကာ ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲကြပြီး မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှအဖွဲ့ဝင် ဦးကြည်စိုးဟန်က လူငယ်ရေးရာမူဝါဒ မိတ်ဆက်ရှင်းလင်းခြင်းနှင့် လူငယ်ရေးရာကော်မတီ၏ အသိပညာပေးလှုပ်ရှား ဆောင်ရွက်နေမှုများကို ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါ ပြည်သူ့ဝန်ဆောင်မှု(OSS) လုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ ကျန်းမာရေးဌာန၊ အခွန်ဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး ပွင့်ဖြူမြို့နယ် ရှားတောကျေးရွာရှိ ဒေသခံပြည်သူ ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )