ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း ဆောင်ရွက်ထားရှိမှုအား ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ      ဖေဖော်ဝါရီ     ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးအောင်မော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲက ၂၀၁၉ ခုနှစ် မိုးဥတုတွင် ပွင့်ဖြူမြို့နယ် မြောင်းဦးသစ်တောကြိုးဝိုင်းအတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်အတွက် တည်ထောင်စိုက်ပျိုးထားရှိသည့် ဆင်လူးကျေးရွာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းသို့ သွားရောက်ပြီး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်အား ထိန်းညှိပေးနိုင်ရေးနှင့် မုန်းချောင်းအနီးကျေးရွာများတွင် မုန်းချောင်းကမ်းပါးပြိုကျမှုများ လျော့နည်းပပျောက်ရေး ကြိုးဝိုင်းသစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း ၊ ကျေးလက်နေပြည်သူများ၏ လိုအပ်ချက် ထင်း၊ တိုင်နှင့် မျောတိုင်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းဖြင့် သစ်တောပြုန်းတီးမှုများ လျော့နည်းပပျောက်စေရန် ကျေးရွာပြည်သူများနှင့် ပူးပေါင်းပြီး ဒေသခံအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း များ တည်ထောင်စိုက်ပျိုးခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ မိုးဥတုတွင် တည်ထောင်စိုက်ပျိုးထားရှိသည့် ပွင့်ဖြူမြို့နယ် မြောင်းဦးသစ်တောကြိုးဝိုင်းအတွင်း ဆင်လူးကျေးရွာမှ ဦးထွန်းထွန်းနိုင်ပါ တောင်သူ (၁၁၉) ဦး၏ ဒေသခံအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း ဧရိယာ (၄၈၇ ဒသမ ၀၂ ) ဧကတွင် ယူကလစ် ၊ လျှော်ဖြူ ၊ ကျွန်း စုစုပေါင်း အရိပ်ရ သစ်ပင် (၇၃၀၅၃) ပင် တည်ထောင်စိုက်ပျိုးထားရှိကြောင်း သိရသည်။

အဆိုပါ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းတွင် စိုက်ပျိုးထားရှိသည့် သစ်တောစိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု အခြေအနေအား မြို့နယ် ဦးစီးအရာရှိ ဦးအောင်မော်နှင့် ဝန်ထမ်းများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြောင်းဦးသစ်တော ကြိုးဝိုင်းတာဝန်ခံနှင့် ဒေသခံပြည်သူများအား စိုက်ခင်းအတွင်းရှိ အရိပ်ရသစ်ပင်များ ကြီးထွားဖွံ့ဖြိုးရေး ၊ ကျွဲ ၊ နွား တိရစ္ဆာန်များ ဝင်ရောက်ဖျက်ဆီးမှုများ ကင်းဝေးစေရေး ၊ တောမီးလောင်မှု ဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် စနစ်တကျ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။   

ရဲဝင်းနိုင် ( ညောင်ဦး )