အလုံ ဖေဖော်ဝါရီလ ၂၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ဂဠုန်ရပ်ကွက်၊ ဆင်ဖြူလမ်းရှိ အမှတ် (၁၂) အခြေခံပညာမူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်အား အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲလွင်၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဝင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီစိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ အလုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲလွင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်တို့က အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်နိုင်ဝင်းတို့က ကျောင်းဆောင်သစ် ပြန်လည်ဆောက်လုပ်ရခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခြင်း၊ High Technology Construction Co,.Ltd မှ ဒါရိုက်တာ ဦးသူရအောင်မှ ကျောင်အုပ်ဆရာမကြီးထံ ကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
တင်တင်ချို ( ပြန်/ဆက်)