မန္တလေး ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ကြီးမှူးကျင်းပသည့် အမေရိကန်တက္ကသိုလ်ပညာရေးပြပွဲ ၂၀၂၀ (Education USA University Fairs 2020 )ကို မန္တလေးမြို့၊ ၆၆ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ Hilton Hotel တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ပြည်သူ့ရေးရာအရာရှိ Ms. Deb Lynn က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ပြပွဲကျင်းပပြုလုပ်ရခြင်းအကြောင်းအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက U.S. Student Visa ၊ U.S. Exchange Programs များအကြောင်းကို ရှင်းလင်းပြောကြားသည်။ ၎င်းနောက် တက်ရောက်လာကြသူများသည် ခန်းမအတွင်း အမေရိကန်နိုင်ငံရှိ သက်ဆိုင်ရာ တက္ကသိုလ်/ကောလိပ်များအလိုက် ခင်းကျင်းပြသထားမှုအား လှည့်လည် ကြည့်ရှု အားပေး သည်။ ယင်းနောက် မိမိတို့စိတ်ပါဝင်စားသည့် တက္ကသိုလ်/ကောလိပ် ပြခန်းများတွင် ပညာရေးဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါပြပွဲသို့ မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်/ကောလိပ်များ၊ အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အမေရိကန်နိုင်ငံရှိ တက္ကသိုလ်/ကောလိပ် (၂၄)ခု မှ ကိုယ်စားလှယ်များ၊ Mandalay Jefferson Center မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)