ကျောက်ကြီး ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ၊ မုန်းခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီတွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနမှ ဦးဆောင်ပြီး တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်း နှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ် ဦးစည်သူလွင်က အဖွင့်အမှာစကားပြောကြားပြီး ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက နှုတ်ခွန်းဆက် စကားဆက်လက်ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပဲခူးတိုင်း ဒေသကြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ လ/ထ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးသော်က တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေနှင့် တိုင်းရင်းသား အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက်စစ်တမ်း ကောက်ယူမည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ လိုအပ်ချက်များ ဆန်းစစ် စီမံနိုင်ရန် ရည်ရွယ်ကြောင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း (၆)ကြိမ် ပြုလုပ်ရန် လျာထားချက်အရ ယခုအခါ ဒုတိယအကြိမ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီး၊ကလေးသူငယ်၊ မသန်စွမ်း၊ သက်ကြီးရွယ်အို၊ ရှေးဦးကလေး သူငယ်တို့နှင့် ပတ်သက်သည့် အခွင့်အရေးဆိုင်ရာ အသိပညာပေးဟော ပြောခဲ့ပြီးနောက် ဧည့်သည်တော်များအား အမှတ်တရပစ္စည်းများပေး အပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးစည်သူလွင်၊ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ရှမ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များ၊ ကရင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
Kခိုင်