သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာတွင် လူထုတွေ့ဆုံ ဆွေးနွေးပွဲကျင်းပ

သရက်ချောင်း  ဇန်နဝါရီ  ၈

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာ ညောင်ဇင်ဘုန်းတော်ကြီး ကျောင်း၌ ယမန်နေ့မွန်းလွဲ(၂)နာရီက ဒေသဖွံ့ဖြိုးရေးအတွက် လူထုတွေ့ဆုံဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဝေလွင်တို့က လွှတ်တော်ဆိုင်ရာ ကဏ္ဍများ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သရက်​ချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများအလိုက် ဆောင်ရွက်ပေးမည့် လုပ်ငန်းများအပေါ် ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေး အဆင်ပြေစွာ ရရှိအောင် ဆောင်ရွက်ပေးရေး၊ ရေပေးမြောင်းများ ပြန်လည်ပြုပြင်ပေးရေး၊ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းများ အဆင့်မြှင်တင်ပေးရေး စသည်များကို မေးမြန်း ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပြန်လည် ဖြေကြားပေးခဲ့သည်။

ယင်းနောက် တိုင်း​​ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ညောင်ဇင်ကျေးရွာအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည့် လုပ်ငန်းများအား ပြောကြားပြီး ​​​ဒေသခံပြည်သူများက နောက်လာမည့် ဘဏ္ဍာနှစ်အတွက် အမှန်တကယ် လိုအပ်နေသည့် လုပ်ငန်းများကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။ 

မျိုးချစ်ဦး(ပြန်/ဆက်)