နမ့်ဆန် ဇန်နဝါရီ ၈
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် တောင်ကျော်ကျေးရွာအုပ်စု တောင်ကျော်(အောက်)ကျေးရွာတွင် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) ထောက်ပံ့ငွေနှင့် ဒေသခံပြည်သူများတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောက်လုပ်ပြီးစီးသွားသော နီပွန်ဖောင်ဒေးရှင်း ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်း၊ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်၊ နီပွန်ဖောင်ဒေးရှင်း စေတနာမွန်အဖွဲ့ အလုပ်အမှုဆောင်နှင့် မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(နတလ) လက်ထောက်ညွှန်ကြားရေးမှူး ဦးဖုန်းမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်း၊ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(နတလ) လက်ထောက်ညွှန်ကြားရေးမှူး ဦးဖုန်းမြင့်တို့က အသီးသီးအမှာစကားပြောကြားသည်။ ယင်းနောက် နီပွန်ဖောင်ဒေးရှင်း စေတနာမွန်အဖွဲ့ အမှုဆောင်အရာရှိက ကျောင်းဆောင်သစ်အတွက် ထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းဆောင်သစ် ရေရှည်ပြုပြင် ထိန်းသိမ်းရေးအတွက် အရင်းမပျောက် ထာဝရပဒေသာပင်အတွက် (၁၅၂)သိန်းနှင့် တောင်ကျော် ကျေးရွာနေ ဦးအိုက်ယု+ဒေါ်ကြည်ရွှေ (မိသားစု)တို့မှ ထာဝရပဒေသာပင်အတွက် လှူဒါန်းငွေ (၂၀)သိန်း တို့ကို ကျေးရွာတာဝန်ရှိသူထံ လှူဒါန်းပေးခဲ့သည်။
ဆက်လက်၍ မြို့နယ် ပညာရေးမှူး ဒေါ်ခင်အုန်းကြည်နှင့် တောင်ကျော်ကျေးရွာ အတွင်းရေးမှူးတို့က ကျောင်းဆောင်သစ် လှူဒါန်းပေးသည့် နီပွန်ဖောင်ဒေးရှင်းစေတနာအဖွဲ့အား ကျေးဇူးတင် စကား ပြောကြားသည်။
အဆိုပါကျောင်းဆောင်သစ်သည် အလျား ပေ(၁၂၀)၊ အနံ ပေ(၃၀)ခန့်ရှိပြီး ကျောင်းသား/သူ များအတွက် သင်ထောက်ကူအဖြစ် စာရေးခုံ (၆၀)စုံ၊ ဆရာ/ဆရာမ များအတွက် အသုံးပြုရန် ကုလားထိုင် စားပွဲ (၄)စုံ၊ ၅ ခန်းတွဲ ရေလောင်းအိမ်သာ၊ မိုးရေစုကန်(၂)ကန်၊ ကျောင်းစာသင်ခန်း သော့ခလောက် (၇)ခု တို့ကိုလည်း နီပွန်ဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်းပေးထားသည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် နီပွန်ဖောင်ဒေးရှင်း စေတနာ အဖွဲ့တို့က နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာ (၂)ရွာဖြစ်သည့် တောင်ကျော်(အောက်)ကျေးရွာနှင့် လုံတောက်ကျေးရွာတို့၌ ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)