ငဖဲ ဇန်နဝါရီ ၈
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာများအား ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ငဖဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးတင်ဝင်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးဝေလင်းမောင်က မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ရခြင်း၏ ရည်ရွယ်ချက်၊ စီမံကိန်းလုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာပြည်သူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ကျေးရွာကော်မတီဝင်များမှ လိုက်နာရမည့် အချက်များအား ရှင်းလင်းပြောကြား သည်။ ထို့နောက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဆောင်ရွက်မည့် ညောင်ကိုင်း၊ သရက်ပင်၊ ထန်းကိုင်း၊ ဇီးတောလေး၊ အောင်ပင်လယ်၊ ကျင်းသီပေါ်၊ မကျီးကန်၊ ကုန်းသာ၊ ဂုတ်၀၊ နောင်၊ စပ်စီနှင့် တင်ပြင်းကျေးရွာများအတွက် တစ်ရွာလျင် ကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာ(၁၂)ရွာအတွက် ကို တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာ (၁၂) ရွာမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)