ပွင့်ဖြူ ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ အခြေခံသမဝါယမ အသင်းသားများကို (၁၃) ကြိမ်မြောက် Exim Bank အသေးစား အရင်းအနှီးချေးငွေများ ထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ် သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ (ကိုယ်စား) ဦးစီးမှူး ဦးအောင်မျိုးသူက အဖွင့်အမှာစကားပြောကြားရာတွင် တက်ရောက်လာသည့် အခြေခံသမဝါယမအသင်း အမှုဆောင်အဖွဲ့ဝင်များအနေဖြင့် ယခုထုတ်ချေးပေးသည့် အသေးစား အရင်းအနှီးချေးငွေများသည် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိဆောင်ရွက်နိုင်ရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ထုတ်ချေး ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ချေးငွေများကို မိမိတို့၏ဝင်ငွေတိုးလုပ်ငန်းများတွင် အကျိုးရှိစွာ စနစ်တကျ သုံးစွဲသွားကြစေလိုကြောင်းနှင့် မိမိတို့ အခြေခံ သမဝါယမ အသင်းသားများထံ ပြန်လည်ထုတ်ချေးပေးရာတွင် သတ်မှတ်ထားသည့် မူဝါဒနှင့် စည်းကမ်းချက်များကို အလေးထား လိုက်နာဆောင်ရွက်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးတင်အုန်းက ထုတ်ချေးသည့် ချေးငွေများ သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်ရေး အသင်းမှုဆောင်အဖွဲ့ဝင်များ လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ဆွေးနွေးပြောကြားသည်။
၎င်းနောက် မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် အခြေခံသမဝါယမ အသင်းအမှုဆောင် အဖွဲ့ဝင်များထံ (၁၃) ကြိမ်မြောက် Exim Bank အသေးစား အရင်းအနှီးချေးငွေများကို လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ပြီး ချေးငွေထုတ်ချေးမှုနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယအသင်းစုတို့ ပူးပေါင်းပြီး မြို့နယ်အတွင်း ဒေသခံပြည်သူများ မိသားစုဝင်ငွေတိုးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိဆောင်ရွက် လုပ်ကိုင်နိုင်ရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်စေရန် ရည်ရွယ်၍ အခြေခံသမဝါယမအသင်း စုစုပေါင်း ၂၃၆ သင်း ဖွဲ့စည်းဆောင်ရွက်ပြီး နှစ်စဉ် Exim Bank အသေးစား အရင်းအနှီးချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ် (၁၃) ကြိမ်မြောက် Exim Bank အသေးစား အရင်းအနှီး ချေးငွေများ ထုတ်ချေးပေးခြင်းကို ဇန်နဝါရီ ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ အပြီး ထုတ်ချေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးအောင်မျိုးသူ ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )