ရန်ကုန် ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက အဆိုပါကျောင်း၏ သီရိမြန်မာခန်းမ၌ ကျင်းပရာ မိဘဆရာအသင်းနာယက ဒုတိယဗိုလ်မှူးကြီး သန့်ဇင်(ငြိမ်း)က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးသံဒိုင်က အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားသို့ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်၊ မိဘဆရာအသင်းနာယက ဒုတိယဗိုလ်မှူးကြီး သန့်ဇင်(ငြိမ်း)၊ ကျောင်းအုပ်ဆရာကြီး ဦးသံဒိုင်၊ မိဘဆရာအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(၂) ကျောင်းမှ ထူးချွန်ကျောင်းသား/သူများနှင့် ဆုရကျောင်းသား/သူ များအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်နှင့် ကျောင်းအုပ်ဆရာကြီး ဦးသံဒိုင်တို့က ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
ထို့နောက် အ.ထ.က (၂) ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက အကအလှများ၊ တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
နေထက်အောင်