မြသလွန်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွဋ်သို့ တင်လှူပူဇော်ပွဲ ကျင်းပ

မကွေး     ဇန်နဝါရီ     ၈

သာသနာတော်နှစ်(၂၅၆၃) ကောဇာသက္ကရာဇ် ၁၃၈၁ ခု ပြာသိုလဆန်း(၁၃)ရက်၊ ယမန်နေ့ နံနက် ၇ နာရီက မကွေးတိုင်းဒေသကြီး မကွေးမြို့ ကျက်သရေဆောင် မြသလွန်စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်ကြီးအတွင်း၌ မြသလွန် စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံတော်သြဝါဒါစရိယ ရာဇမုနိတောင်ပေါ်ကျောင်းတိုက် ပဓာန နာယက(မဟာသဒ္ဓမ္မဇောတိကဓဇ)ဘဒ္ဒန္တကေလာသ သက်တော်ရှည်ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော် အရှင်သူမြတ်တို့ထံ စိန်ဖူးတော်ကို မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် ငှက်မြတ်နားတော်ကို တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်တို့က ဆက်ကပ်ကာ ဥပသကာများက ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ပန်း၊ ပရိတ်ရေတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များ ရွက်ပွားတော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး ဥပသကာများက ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ပန်း၊ ပရိတ်ရေတို့ကို ပြန်လည်ယူဆောင်၍ စေတီတော်မြတ်ကြီးတွင်  ပက်ဖျန်းချည်နှောင်ပူဇော်ကာ အလှူရှင်များ၏ လှူဒါန်းမှု စာရင်းအား သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက် ဖတ်ကြားကြေညာခဲ့သည်။

ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ ရာဇမုနိတောင်ပေါ်ကျောင်းတိုက် ပဓာနနာယက (မဟာသဒ္ဓမ္မ ဇောတိကဓဇ)ဘဒ္ဒန္တကေလာသ သက်တော်ရှည်ဆရာတော်ဘုရားကြီးထံမှ လှူဒါန်းမှု အစုစုတို့ အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွဋ်သို့ တင်လှူပူဇော်ရန် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို မဟာဝိဇယရံသီတန်ဆောင်းတော်မှ မြသလွန်စေတီတော်မြတ်ကြီးအား လက်ယာရစ်(၃)ပတ် လှည့်လည်ပူဇော်၍ ဗုဒ္ဓပူဇနိယ ဗိမာန်တော် ပထမထပ်သို့ပင့်ဆောင်ကာ ဗုဒ္ဓပူဇနိယ ဗိမာန်တော် ပထမထပ်မှ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ရတနာပန်းရထားဖြင့် အစီအစဉ်တကျ ပင့်ဆောင်တင်လှူပူဇော်ကာ စေတီတော်အထွဋ်တွင် အကြီးအကဲများက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ နံ့သာရေဖြင့် ပက်ဖျန်းပူဇော်ပြီး မကွေးမြို့ ကျက်သရေဆောင် မြသလွန်စေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲကြီး "အောင်ပြီလား-ဟေ့" ကြွေးကြော်သံများ ကြွေးကြော်ကာ အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် အောင်စည်၊ အောင်မောင်း၊ အောင်ငွေခရု တီးမှုတ်ပူဇော်၍ မြသလွန်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)