မန္တလေး ဇန်နဝါရီ ၈
အောင်မြေသာစံမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် မြို့နယ်ဖွံ့ဖြိုး ရေးရန်ပုံငွေ (ပထမအရစ်) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အောင်မြေသာစံ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများဖြစ်ကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာရပ်ကွက်အလိုက် ဆောင်ရွက်ကြမည့် လုပ်ငန်းများအကြောင်း ကို တင်ပြဆွေးနွေးကြသည်။
ဆက်လက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေ (ပထမအရစ်)များကို မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ပေးအပ်ကြရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများက လက်ခံရယူကြသည်။ ထို့နောက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက နိဂုံးချုပ်စကားပြောကြားပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး၊ ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကျော်ဦး၊ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်၊ မြိုနယ်စည်ပင်သာယာရေးကော်မတီမှ အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ဖြိုး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)