မန္တလေးမြို့တွင် ရေရှည်တည်တံ့သော ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းပွဲကျင်းပ

မန္တလေး  ဇန်နဝါရီ  ၈

ကုန်ထုတ်လုပ်မှုအပိုင်းတွင် တိုးတက်မှုများရှိလာစေရန်နှင့် အထောက်အပံ့ပေးနိုင်ရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)နှင့် World Wide Fund For Nature (WWF) တို့ ပူးပေါင်းကျင်းပသော ရေရှည်တည်တံ့သော ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းပွဲကို မန္တလေးမြို့၊ ၇၈ လမ်းရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့် က အဖွင့်အမှာစကားပြောကြားပြီး သဘာဝစီမံကိန်းမှ စီမံကိန်းမန်နေဂျာ မစ္စတာအူဂျွဲဖော်ခရယ် က ရေရှည်တည်တံ့သော ကုန်ထုတ်လုပ်မှုအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် သဘာဝစီမံကိန်းမှ စွမ်းအင်ဆိုင်ရာကျွမ်းကျင်သူ မစ္စတာ ဖိလစ်ပိုသစ် က စွမ်းအင်ထိထိရောက်ရောက် အသုံးချခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ ရိုးမ မန္တလေး ဒါရိုက်တာ မစ္စစ် နာတယ်လီ က နေရောင်ခြည်သုံး စွမ်းအင်နှင့်ပတ်သက်၍လည်းကောင်း၊ သဘာဝစီမံကိန်းမှ ပိုမိုသန့်စင်သောကုန်ထုတ်လုပ်မှုအရာရှိ ဒေါက်တာမူမူဌေး က စွန့်ပစ်ရေဆိုးများ သန့်စင်ခြင်းစနစ် နှင့်ပတ်သက်၍လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အစိမ်းရောင်ဘဏ္ဍာရေးကျွမ်းကျင်းသူ မစ္စတာအိုင်လန်ပိုလ်ကော့ဖ် က အစိမ်းရောင်ဘဏ္ဍာရေးနှင့်ပတ်သက်၍ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းမှ နည်းပညာ အရာရှိ မစ္စတာ ဂျော်နသန်ဘတ် က လုပ်ငန်းခွင်ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ လည်းကောင်း အသီးသီး ဆွေးနွေးပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (MRCCI) မှ တာဝန်ရှိသူများ၊ World Wide Fund For Nature (WWF)  မှ တာဝန်ရှိသူများ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)