မြင်းခြံ ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့ ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဧရာဝတီ ခန်းမတွင် (၂၀၁၉-၂၀၂၀)ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ (၂၀၁၉-၂၀၂၀)ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်မြင့်က အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြင်းခြံခရိုင် အုပ်ချုပ် ရေးမှူး ဦးတင့်လှိုင်၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထိန်ဝင်းတို့က ပညာရေး စုံညီပွဲတော်ကျင်းပရေး ဆောင်ရွက်မှုများကြောင့် ပညာရေးမြင့်မားလာစေရန်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်းက မြို့နယ်အတွင်းရှိ ကျောင်းများ၏ ပညာရေးမြင့်မားအောင် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး (၂၀၁၉-၂၀၂၀)ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပရာ တိုင်းအဆင့် ဆုရရှိသူများ ၊ ခရိုင်အဆင့် ဆုရရှိသူများ ၊ မြို့နယ်အဆင့် ဆုရရှိသူများကို လွှတ်တော် ကိုယ်စားလှယ်များ ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဆုများ ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ (၂၀၁၉-၂၀၂၀)ပညာသင်နှစ် မြို့နယ်ပညာရေး စုံညီပွဲတော် ကျင်းပရာသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်မြင့် ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်အေး ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင် ၊ ဒုခရိုင်အုပ်ချုပ်ရေး ဦးဇော်မိုးထိုက် ၊ ဒုမြိုံနယ်အုပ်ချုပ်ရေးမှူး ဦးသန်းစိုးလင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်ပညာရေးနှင့် မြို့နယ်ပညာရေးမှူး၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်များနှင့် ဆရာ/ဆရာမများ ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ဇော်မင်းနိုင်(မြင်းခြံ)