စေတုတ္တရာ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် လူငယ်ရေးရာမူဝါဒမိတ်ဆက်ပွဲများ ပြုလုပ်နိုင်ရန် ဌာနဆိုင်ရာများနှင့် လူငယ်ရေးရာအဖွဲ့များပူးပေါင်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အစည်းအဝေးတွင် လူငယ်ရေးရာကော်မတီဝင် ဆလိုင်းဖြိုးမင်းဟိန်းက လူငယ်ရေးရာ မိတ်ဆက်ပွဲများ ကျင်းပပြုလုပ်မည့် အစီအစဉ်များအား ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမောင်မောင်လေးက လူငယ်ရေးရာမိတ်ဆက်ပွဲများတွင် ပါဝင်ဆွေးနွေးမည့် ဌာနဆိုင်ရာများစာရင်းအား အစည်းအဝေးတွင် မှတ်တမ်းတင်ရေးသွင်းသွားရန်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ မိမိတို့အနေဖြင့် ပါဝင်ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များအား ဆွေးနွေးပြောကြားခဲ့ကြသည်။ လူငယ်ရေးရာမူဝါဒ မိတ်ဆက်ပွဲအား ကျေးရွာများတွင်(၄)ကြိမ်နှင့် မြို့ပေါ်တွင်(၁)ကြိမ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ရက်များအား အစည်းအဝေးမှ ဆုံးဖြတ်ကြသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် စေတုတ္တရာမြို့နယ် လူငယ်ရေးရာကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)