ပခုက္ကူမြို့နယ်၊ ကျေးရွာအချို့တွင် ပန်းမျိုးစုံစိုက်ပျိုးသည့် တောင်သူများ မိသားစုဝင်ငွေ အဆင်ပြေလျက်ရှိ

ပခုက္ကူ  ဇန်နဝါရီ  ၉

ပခုက္ကူမြို့နယ်ရှိ ကျေးရွာများတွင် ဆောင်းသီးနှံများ၊ ရာသီပေါ်သီးနှံများ စိုက်ပျိုးကြသည့်အပြင် ပန်းမျိုးစုံကို တပိုင်တနိုင်စီးပွားရေးလုပ်ငန်းအဖြစ် စိုက်ပျိုးသည့် တောင်သူများလည်း မိသားစုဝင်ငွေ၍ အဆင်ပြေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ပန်းမျိုးစုံစိုက်ဧကပေါင်း တစ်ဧကနီးပါး စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးသည့်ပန်းများကတော့ ကိုးရီးယား (ခရမ်း၊အဝါ)၊ သပြေ၊ လိပ်ပြာကြား၊ သရဖူ၊ ဂျူးစတား၊ ဂန္ဓာမာ စသည့် ရောင်စုံပန်းများ စိုက်ပျိုးထားကြောင်း၊ စတင်စိုက်ပျိုးချိန် ပျိုးပင်ဝယ်ယူခြင်း၊ လုပ်အားခ၊ ရေသွင်းခြင်း၊ မြေဩဇာထည့်ခြင်း၊ ရေဖျန်းပိုက်နှင့်ပိုးသတ်ဆေး ဖျန်းပက်မှု အားလုံးခန့်မှန်းရင်းနှီငွေ စုစုပေါင်း ကျပ်(၅)သိန်းကျော်ရှိကြောင်း၊ မိမိစိုက်ခင်းတွင်သာ ဖောက်သည်စနစ်ဖြင့် လက်တစ်ဆုပ်(တစ်စည်း)ကို ကျပ်နှစ်ရာဖြင့် ရောင်းချနေရကြောင်း၊ မြို့ပေါ်ဈေးကွက်သို့ သွားရောက် ရောင်းချခြင်း မရှိကြောင်း၊ လက်ရှိချိန်တွင် စုစုပေါင်းရောင်းရငွေ ကျပ်(၈)သိန်းကျော် ရရှိပြီဖြစ်ကြောင်း၊ ယခင်နှစ် စိုက်ပျိုးရင်းနှီးမှုများမပါ ရောင်းချရငွေကျပ်(၁၂)သိန်းကျော် အမြတ်ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မြို့ပေါ်များတွင်လည်း အခြားမြို့နယ်များမှ ပန်းများ လာရောက်ရောင်းချကြသောကြောင့် ရောင်းအားနည်းလျက် ရှိကြောင်း၊ သို့သော် နောက်တစ်သုတ်အနေဖြင့် တပို့တွဲနှင့် တပေါင်းလများတွင် ထပ်မံရောင်းချရမည် ဖြစ်သောကြောင့် (၁၀)သိန်းကျော် ထပ်မံရရှိမည်ဟု ခန့်မှန်းရကြောင်း၊ မိမိတို့ကျေးရွာတွင် ပန်းမျိုးစိုက်ပျိုး လုပ်ကိုင်သည့် အိမ်ထောင်စု (၆)စုရှိကြောင်းတို့ဖြင့် ပခုက္ကူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာမှ ပန်းမျိုးစုံ စိုက်ပျိုးသည့် တောင်သူ ဦးမိုးစိုးက ပြောပြသည်။

ယခုနှစ်တွင် ပန်းမျိုးစုံစိုက်ပျိုးသည့်အပြင် ခရမ်းသီး၊ ငရုတ်သီး၊ ခရမ်းချည်သီးများကိုလည်း တိုးချဲ့စိုက်ပျိုးကြကြောင်း သိရသည်။

ဆလိုင်းကိုကီး