မြစိမ်းရောင်စီမံကိန်းကျေးရွာများသို့ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

မအူပင် ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်း ကျေးရွာများသို့ ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုး၊ မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်၊ မြို့နယ်ဦးစီးမှူး ဦးသိန်းစိုး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စီမံကိန်းကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များက အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက စီမံကိန်းနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူးက ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာသူ/ ကျေးရွာသားများမှ စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး ကျေးရွာများထံသို့ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။

မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု(၇၆)အုပ်စု၊ ကျေးရွာ(၄၄၂) ရွာ ရှိသည့်အနက် မအူပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုနှစ်ကျေးရွာယူနစ် (၃) ယူနစ်၊ (၃)ရွာ အပါအဝင် ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အထိ (၇၁) ယူနစ်၊ (၈၉) ရွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။        

အောင်မြင့်မြတ် (မအူပင်)