ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရန် အသိပေးခြင်း အခမ်းအနား စဉ့်ကူးမြို့၌ ကျင်းပ

စဉ့်ကူး    ဇန်နဝါရီ    ၉

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများအား အသိပေးတင်ပြခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာ ဝန်ရှိသူများ၊ ပြည်သူကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ထူးမြတ်၊ မြို့နယ်ကျန်မာရေးမှူး အဆင့်-၁ ဦးကျော်မိုးအောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး ကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ထူးမြတ်က ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျန်းမားရေးမှူးအဆင့်(၁) ဦးကျော်မိုးအောင်က ကမ္ဘာပေါ်မှာ ဆောင်ရွက်နေတဲ့ ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းများနှင့် မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းများကို ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

မင်းဇော်ဦး(ပြန်/ဆက်)