အနောက်နံဂါတ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ပညာရေးစုံညီပွဲတော်ကျင်းပ

ပခုက္ကူ ဇန်နဝါရီ ၉

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ပခုက္ကူမြို့နယ်၊ အနောက်နံဂါတ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၉နာရီက ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို ပခုက္ကူမြို့နယ်၊ အနောက်နံဂါတ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အဋ္ဌမတန်း ကျောင်းသား/သူများက ကြိုဆိုပါသည်စုံညီပွဲတော် သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ဖွင့်လှစ်ကြသည်။ ဆက်လက်၍ အနောက်နံဂါတ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ပိုက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း အကြောင်းနှင့်ဆုချီးမြှင့်မည့် ဆုအမျိုးအစားများကိုလည်းကောင်း၊ အနောက်နံဂါတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆန်းဦးက ကျေးရွာ၏ ပညာရေးအခြေအနေများနှင့် ဝမ်းသာပီတိ စကားကိုလည်းကောင်း၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေက ဌာနမှ လုပ်ဆောင်ပေးသည့် ပြည်သူ့စာကြည့်တိုက်တွင် သုတ၊ ရသစုံစာအုပ်စာပေများ လေ့လာခြင်း၊ ငှားရမ်းခြင်းများ၊ စာဖတ်ရှိန်မြင့်မားရေး ပြိုင်ပွဲများ ကျင်းပပေးနေမှု၊ Community Centre ခန်းမအသုံးပြုမှုများ အကြောင်းတို့ကိုလည်းကောင်း၊ ပခုက္ကူခရိုင် ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ စာရေးဆရာမ စိမ်းမြမြက စာဖတ်ခြင်းကြောင့် ပညာရေး၊ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ ကျန်းမာရေးများဆိုင်ရာ ရရှိမည့်အကျိုး ကျေးဇူးများအကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်း ပြောကြားကြသည်။

ထို့နောက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်များတွင် အတန်းအလိုက် ပညာရည်ချွန်ဆု၊ အားကစားဆု၊ ကျောင်းတက်မှန်ဆု၊ တစ်ကိုယ်ရည်သန့်ရှင်းဆုံးဆု စသည့် ပညာရေးဆိုင်ရာ ဆုများအပြင် သန့်ရှင်းရေးစံပြဆု၊ စိုက်ပျိုးရေးစံပြဆု၊ တိုင်းအဆင့် အားကစားထူးချွန်ဆု၊ စာကြည့်တိုက်သို့ စာဖတ်အများဆုံးဆု၊ စာရိတ္တအကောင်းမွန်ဆုံးဆု၊ ဉာဏစွမ်းရည်ပြိုင်ပွဲဆုများနှင့် ဆရာ/မကျောင်းတက်မှန်ဆုတို့ကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး အတန်းများအလိုက် ကျောင်းသား/သူများက တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြကြောင်း သိရသည်။

အဆိုပါ ကျေးရွာကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ/မ (၁၇)ဦးက သင်ကြားပေးလျက်ရှိပြီး အနောက်နံဂါတ်ကျေးရွာအုပ်စုမှ အနောက်နံဂါတ်၊ အရှေ့နံဂါတ်၊ ထောက်ရှာပင်၊ ဥယျာဉ် စသည့် ကျေးရွာများမှ ကျောင်းသား/သူ (၃၈၅)ဦး တက်ရောက်သင်ယူကြကြောင်း သိရသည်။

ဆလိုင်းကိုကီး