လေးမျက်နှာ ဇန်နဝါရီ ၉
၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လေးမျက်နှာမြို့နယ် ပညာရေးခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားကို လေးမျက်နှာမြို့ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပြည်မြန်မာ” သီချင်းဖြင့်သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ဖြူဖြူခင်က ပညာရေးစုံညီ ပွဲတော်ကျင်းပရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တို့တွင် ဆုရရှိသော ကဗျာရွတ်ပြိုင်ပွဲဆု၊ မြန်မာ အမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံး၊ အာဇာနည်နေ့ အထိမ်းအမှတ်စာစီစာကုံး၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်စာစီစာကုံး၊ ပန်းချီ၊ မြန်မာစာစွမ်းရည်၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်၊ လူရည်ချွန်ဆု၊ သင်္ချာအိုလံပစ်ဆုများနှင့်အားကစားပြိုင်ပွဲတို့တွင် ထူးချွန်ဆုရရှိသူများအား မြို့နယ်ပညာရေးမှူးဒေါ်ဖြူဖြူခင်နှင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော လေးမျက်နှာမြို့နယ် ကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်းကော်မတီဝင်များက အသီးသီးဆုချီးမြှင့်ခဲ့ကြပြီး လေးမျက်နှာမြိုနယ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေကပြ၍ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်”သီချင်းဖြင့် အခမ်းအနား ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။
ရွှေမိုး(ပြန်/ဆက်)