ထားဝယ် ဇန်နဝါရီ ၉
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအဖွဲ့နှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအဖွဲ့ဝင် ဦးမိုးဆွေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပြုပြင်ပြောင်းလဲမှုများဖြစ်သော ဥပဒေပြဋ္ဌာန်းချက်များ ပြုပြင်ပြောင်းလဲရေး၊ စီမံခန့်ခွဲမှုပြုပြင်ပြောင်းလဲရေးအကြောင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်တင်ရေးအကြောင်း၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း အဆင့်မြှင့်တင်ရေးအကြောင်း၊ ပြည်သူလူထုပူးပေါင်းပါဝင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ တာဝန်ခံမှု၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများအား အထောက်အကူပြုရေး စသော နယ်ပယ်(၆)ခုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအဖွဲ့ဝင် ဦးဝင်းကြည်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော် က တနင်္သာရီတိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်ချက် အခက်အခဲများအား ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအဖွဲ့၏ နည်းပညာ အထောက်အကူပြုအဖွဲ့မှ ဦးဟန်ဝေဆက်က နယ်ပယ် ၅/၆နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။
ယင်းနောက် တိုင်းအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်က ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအဖွဲ့အား တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့မှ ပြုစု ထားသည့် ဌာနဆိုင်ရာ လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း Standard Operating Procedure (SOP)၊ တနင်္သာရီ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လုပ်ငန်းလက်စွဲ၊ ပြည်သူများ သိသင့် သော ဌာန(၁၇)ဌာန၏ လုပ်ငန်းလက်စွဲနှင့် ဟန်ချက်ညီသော ဖွံ့ဖြိုးရေးကို ဖော်ဆောင်ရမည့် စနစ်ကျသော စီးပွားရေး လုပ်ငန်းများ အကောင်အထည်ဖော်ရန် နည်းလမ်းများ စာအုပ်(၄)အုပ်ကို ပေးအပ်သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအဖွဲ့ဝင်များ ဖြစ်သော ဦးမိုးဆွေနှင့် ဦးဝင်းကြည်၊ ပြည်ထောင်စုဝန်ကြီး အကြံပေးအဖွဲ့၏ နည်းပညာ အထောက်အကူပြု အဖွဲ့မှ ဦးဟန်ဝေဆက်၊ တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းများနှင့် ခရိုင်/ မြို့နယ်/ မြို့များမှ အုပ်ချုပ်ရေးမှူးများတက် ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)