မိုင်းယောင်း ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် စာအုပ်စာပေချစ်မြတ်နိုးသော ဝါသနာတူကလပ်အသင်းအဖွဲ့များသည် ဇန်နဝါရီ ၈ ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်မှု လျှို့ဝှက်ချက်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာအုပ်စာပေချစ်မြတ်နိုးသော ဝါသနာတူကလပ်အသင်းအဖွဲ့များ ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်မှုလျှို့ဝှက်ချက်စာအုပ်မှ ခေါင်းဆောင်မှုဆိုင်ရာသိမှတ်ဖွယ်ရာအကြောင်းကို ဦးဆောင်ဖတ်ကြားသည်။
ထို့နောက် Book Club မှ မဝင်းသဇင်နှင့် မလင်းလက်မေက ဇွဲကောင်းလျှင်အောင်နိုင်အကြောင်း၊ ရုပ်သံကျွမ်းကျင် (၃) ဒေါ်နန်းစီဖေါင်းက ဘဝရည်မှန်းချက်အကြောင်း၊ Youth Club မှ မောင်လမင်းသော်နှင့် မောင်ယောနသန်တို့က စိတ်အာရုံကို စွဲဆောင်ခြင်းအကြောင်းတို့ကို ဖတ်ကြားခဲ့ကြပြီး မိမိတို့ဖတ်ခဲ့သည့် အကြောင်းအရာနှင့် စာပေမှရရှိသည့် အသိပညာဗဟုသုတများကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။
ဝေဝေခိုင်(ပြန်/ဆက်)