မန္တလေး ဇန်နဝါရီ ၁၀
မန္တလေးမဟာမုနိဘုရားကြီးသို့ ပြည်တွင်း/ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှုများပြား လျက်ရှိရာ ပြည်ပခရီးသွားများ ဝင်ကြေးကောက်ခံမှုကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်မှ စတင်၍ တစ်ဦးလျှင် မြန်မာကျပ်ငွေ ငါးထောင်ကောက်ခံခဲ့ရာ ဝင်ကြေးကောက်ခံသည့် ဇူလိုင်လ(၁)ရက်မှ ဒီဇင်ဘာလ(၃၁)ရက်အထိ ခြောက်လတာ ကာလအတွင်း ပြည်ပခရီးသွား တစ်သိန်းနှစ်သောင်းနီးပါး ဝင်ရောက်ခဲ့ပြီး ငွေကျပ်သိန်းခြောက်ထောင်နီးပါးရရှိခဲ့ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ စာရင်းများအရ သိရသည်။
ခြောက်လတာကာလအတွင်း ငွေကျပ်သိန်းခြောက်ထောင်နီးပါး ရရှိခဲ့ကြောင်း၊ မဟာမုနိရုပ်ရှင်တော်သို့ ပြည်ပခရီးသွားဝင်ရောက်မှုအနေဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အများဆုံး ဖြစ်ကြောင်း၊ တစ်လလျှင် ပျမ်းမျှ ဝင်ကြေးအနေဖြင့် ကျပ်သိန်းတစ်ထောင်နီးပါး ကောက်ခံရရှိခဲ့ကြောင်း၊ လိုအပ်တဲ့ ဝန်ဆောင်မှုများလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မဟာမုနိဘုရားကြီးမှ ဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
မန္တလေးမဟာမုနိဘုရားကြီးသို့ ခြောက်လတာကာလအတွင်း ပြည်ပခရီးသွား ဝင်ရောက်မှုအနေဖြင့် ဇူလိုင်လ တွင် ၁၆၃၄၈ ဦး ၊ ဩဂုတ်လတွင် ၁၉၀၂၀ ဦး ၊ စက်တင်ဘာလတွင် ၁၄၇၃၆ ဦး၊ အောက်တိုဘာလတွင် ၁၇၅၃၁ဦးနှင့် နိုဝင်ဘာလတွင် ၂၆၂၀၃ဦး နှင့် ဒီဇင်ဘာလတွင် ၂၅၈၅၇ ဦး စုစုပေါင်း (၁၁၉၆၉၅) ဦး ဝင်ရောက်ခဲ့ကြောင်း ဂေါပကအဖွဲ့ရုံး စာရင်းများအရ သိရသည်။
မဟာမုနိဘုရားကြီး ပရဝုဏ်ကြည်ညိုဖွယ်ဖြစ်စေရေး၊ ဘက်စုံတိုးတက်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် Tourist Information Center ဆောက်လုပ်၍ ကောက်ခံခြင်းဖြစ်ကြောင်း၊ ကောက်ခံရ ရှိသည့် ဝင်ကြေးများကို မဟာမုနိဘုရားကြီး ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)