သရက်ချောင်း ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလ တန်းကျောင်းပေါင်း (၉၇)ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၈၉၈၇)ဦးအတွက် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း (China Foundation For Poverty Alleviation Myanmar Office- CFPA) မှ ကျောပိုးအိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်း ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးအောင်မိုးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ China Foundation For Poverty Alleviation Myanmar Office(CFPA)မှ တာဝန်ခံပြည့်ဖြိုးကျော် က ယခုလို ကျောပိုးအိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများကို တရုတ်နိုင်ငံအတွင်းရှိ စေတနာရှင်များမှ Alibaba ပရဟိတ ယူနစ်မှတစ်ဆင့် (CFPA) ထံသို့ လှူဒါန်းငွေများ ထည့်ဝင်မှုဖြင့် လှူဒါန်းခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ မူလတန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ကျောပိုးအိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ လိုအပ်ချက်မှ ပူပန်မှုမရှိဘဲ အဆင်ပြေပြေဖြင့် အသုံးပြုနိုင်ကြောင်း၊ ထိုသို့လှူဒါန်းခြင်းသည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည် တည်တံ့နိုင်စေရန်အတွက် ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်မိုး၊ (CFPA) မှ တာဝန်ခံပြည့်ဖြိုးကျော်နှင့် တာဝန်ရှိသူတို့က သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းပေါင်း (၉၇) ကျောင်းမှ ကျောင်းသား /ကျောင်းသူ (၈၉၈၇) ဦးကို ကျောပိုးအိတ်နှင့် ကျောင်းသုံးစာရေးကိရိယာအစုံအလင် (၈၉၈၇)စုံ ကို ပေးအပ်လှူဒါန်းခဲ့သည်။
ယခုလှူဒါန်းပေးသည့် ကျောပိုးအိတ်များသည် သရက်ချောင်းမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းများအတွက် ပထမဆုံး လှူဒါန်းပေးခြင်းဖြစ်ပြီး တန်းဖိုးငွေ စုစုပေါင်း ကျပ်သန်း (၂၂၄)သန်းခန့်ရှိကြောင်း သိရသည်။
မျိုးချစ်ဦး(ပြန်/ဆက်)