ကျေးသီးမြို့၌ ကဗျာရွတ်ပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ပြုလုပ်

ကျေးသီး ဖေဖော်ဝါရီ ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲနှင့် မူလတန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီက ကျေးသီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပြိုင်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဦးခွန်အာကာထွန်းက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်၊ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး၊ အလယ်တန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်း (ကျေးသီး)၊ အခြေခံပညာမူလတန်းလွန်ကျောင်း (လုံပု) တို့မှ ကျောင်းသား/ ကျောင်းသူ (၁၄) ဦးတို့က ဘိုမျိုး (ရွှေဘို) ရေးသားထားသည့် “ပြည်ထောင်စုကိုကာကွယ်စို့”ကဗျာနှင့် မောင်မင်းသိမ်း (သရက်) ရေးသားထားသည့် “ညီနောင်လက်တွဲ ပြည်ထောင်စုပွဲ”ကဗျာ တို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

မူလတန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(ကျေးသီး)၊ အခြေခံပညာမူလတန်းလွန်ကျောင်း(လုံပု)နှင့် အခြေခံပညာမူလတန်းကျောင်း(မြို့မ)တို့မှ ကျောင်းသား/ ကျောင်းသူ (၁၃)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ မူလတန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသော ကျောင်းသား/ကျောင်းသူများကို မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိတို့က ချီးမြှင့်ပေးခဲ့ကြပြီး၊ အလယ်တန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စခန်းမှူးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးတို့က အသီးသီးဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့်ခေါင်းဆောင်များနှင့် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာစသည့် နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆင်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နန်းဗွေခမ်း