မြင်းခြံ ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် သမဝါယမအသင်းစုနှင့် ကနေဒါသမဝါယမအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သော My FINANCE Project ၏ ငွေစုငွေချေးလုပ်ငန်း ရုံးခန်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈:၃၀ နာရီက မြို့နယ်သမဝါယမအသင်းစု ရုံးဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် သမဝါယမအသင်းစုနှင့် ကနေဒါသမဝါယမအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သော My FINANCE Project ၏ ငွေစုငွေချေးလုပ်ငန်း ရုံးခန်းသစ်ကို မန္တလေးတိုင်းဒေသကြီး သမဝါယမ အသင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်၊ မြို့နယ်သမဝါယမအသင်းစုချုပ်ဥက္ကဌ ဦးဝင်းမြင့်နှင့် ကနေဒါသမဝါယမအဖွဲ့ချုပ်မှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကနေဒါသမဝါယမအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးမှ My FINANCE Project နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကနေဒါသမဝါယမအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက တောင်သူဦးကြီးများအနေဖြင့် မိမိတို့သမဝါယမ အသင်း တွင်လည်း ငွေများကို ယုံကြည်စွာ အပ်နှံပြီး စုဆောင်းနိုင်ပါကြောင်း၊ မြင်းခြံမြို့နှင့် နွားထိုးကြီးမြို့တို့တွင် သမဝါယမအသင်းဝင် စုစုပေါင်း တစ်သောင်းကျော်ရှိနေပြီ ဖြစ်ကြောင်း ကိုလည်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်၊ မြို့နယ် သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ် သမဝါယမ ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဇော်ဝင်း၊ ကနေဒါ သမဝါယမ အဖွဲ့ချုပ်မှ တာဝန် ရှိသူများ၊ မြင်းခြံမြို့နယ် သမဝါယမ အသင်းဝင်များနှင့် တောင်သူဦးကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ကိုကျော်စွာ(IPRD)