ကြံခင်း မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ကြံခင်း ဖေဖော်ဝါရီ  ၂၂

ကျေးလက်နေပြည်သူများဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ လိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးကို ရည်ရွယ်ပြီး ကြံခင်းမြို့နယ် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများကို ယမန်နေ့က ကြံခင်းမြို့ ကြာအင်း ကျေးရွာ ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးက “ဒေသခံပြည်သူများ၏ လိုအပ်ချက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုလို ဝန်ဆောင်မှု ပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်ပေးတာဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုဌာနအလိုက် ရှင်းလင်းဆွေးနွေးကြသည်။ ဆက်လက်ပြီး ကျေးလက် မီးလင်းရေး ဆောင်ရွက်ထားရှိမှုများ၊ ကျေးရွာချင်းဆက်လမ်းများ ကျောက်ချောလမ်း ကွန်ကရစ်လမ်း ရရှိမှု ဆောင်ရွက်ပေးနိုင်မှုအား ဆွေးနွေးမေးမြန်းပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့သည်။

ထို့နောက် ကျေးရွာနေပြည်သူများအား မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင် ဦးဆောင်သော ကျန်းမာရေးမှ တာဝန်ရှိဝန်ထမ်းများ ၊ မြို့နယ်တိုင်းရင်းဆေး ဦးစီးဌာနမှ ဦးစီးမှူးဒေါ်သူဇာမြင့်တို့က အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ကုသစစ်ဆေး ပေးခြင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက နိုင်ငံသား စိစစ်ရေး ကတ်များ၊ အိမ်ထောင်စုစာရင်းများအသစ်ပြုလုပ်၊ လဲလှယ်နှင့်ပျောက်ဆုံးမှုများအား ဆောင်ရွက်ပေးခြင်းစသည့် ပြည်သူ့ အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများကိုပါ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးမိုး (ပြန်/ဆက်)