ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းဆွဲမြူအိုး အမြောက်အများရောင်းချရခြင်းဖြင့် မိသားစု စီးပွားရေး တွက်ခြေကိုက်

ငါ့သရောက်  ဖေဖော်ဝါရီ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင်   ထန်းဆွဲမြူအိုး အမြောက်အများရောင်းချရခြင်းဖြင့် မိသားစု စီးပွားရေး တွက်ခြေကိုက်နေကြကြောင်း သိရသည်။

အဆိုပါ တောင်ကုန်းကျေးရွာရှိ အိမ်ထောင်စုတိုင်း အိုးလုပ်ငန်းလုပ်ကိုင်လာကြပြီး မည်သည့် အချိန်က စတင်ပြီး အိုးလုပ်ငန်းလုပ်ကိုင်လာသည်ကို ရွာထဲရှိအသက်အကြီးဆုံး အဘိုးအဖွားများပင် မသိရှိကြဘဲ ရွာ၏အပြင်ဘက်ရှိ အိုးဖုတ်ကုန်း (အိုးဖို) သုံးကုန်းက အိုးလုပ်ငန်းခေတ် အဆက်ဆက်လုပ်ကိုင်လာခဲ့ကြရာ မြင်ရုံနှင့်ပင်သိရှိနိုင်ကြောင်း ဘိုးစဉ်ဘောင်ဆက်အိုးလုပ်ငန်း လုပ်ကိုင်လာသည့် ဦးနေလင်းကပြောကြားသည်။

ထန်းဆွဲမြူအိုးများအား နတ်တော်လမှစတင်ပြုလုပ်ကြပြီး တစ်ရက်လျှင် နှစ်သောင်းငါးထောင်လုံးထိ ထန်းဆွဲမြူအိုးပြုလုပ်ရောင်းချရကြောင်း၊ ထန်းဆွဲမြူအိုးတလုံးလျှင် (၁၂၀)ကျပ် ရောင်းချရပြီး နတ်တော်၊ပြာသို၊တပိုတွဲသုံးလအတွင်း ထန်းဆွဲမြူအိုး အလုံးရေ နှစ်သိန်းခွဲကျော် ပြုလုပ်ရောင်းချရပြီး တောင်ကုန်းကျေးရွာအထိလာရောက်ဝယ်ယူကြကြောင်း အိုးထွင်းပညာရှင် ဒေါ်စန်းယုံကပြောပြသည်။

တောင်ကုန်းကျေးရွာသည် အိုးအမျိုးမျိုး ပြုလုပ်ကြပြီး ထန်းဆွဲမြူအိုးနှင့် ပြာသို သောက်ရေအိုးတို့မှာ နာမည်ကျော်ငါ့သရောက်ဒေသထွက်အိုး များဖြစ်ကြောင်း ၊ ရေဆေးမြေဇလုံ၊ မြေပန်အိုး၊ မြေဘုရားပန်းအိုး၊ မြေသားမီးဖို၊ မုန့်ပြားသလပ်အိုးခင်း ၊ မြေသားစုဗူး၊ ထန်းလျက်အရက်ချက် ချွေးပေါင်းခံအိုး၊ ကောက်ညှင်းပေါင်းအိုး၊ ပန်းပင်စိုက်မြေသား အိုးအမျိုးမျိုးတို့ ပြုလုပ်ရောင်းချကြကာ ကျောက်ပန်းတောင်း၊ တောင်သာ ၊ညောင်ဦး၊ ပုဂံ၊ချောက်၊ တောင်ဇင်းကျေးရွာ၊ ဂျမ်းလှီး ကျေးရွာများမှ လာ ရောက် ဝယ်ယူကြကြောင်းနှင့်ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာတွင် အိုးဖုတ်ကုန်း(အိုးဖို)သုံးကုန်းရှိရာ တစ်ရွာလုံးမဲစနစ်ဖြင့် မိမိတို့အိုးဖုတ်ဖို့ မဲကျရာနေရာတွင် အိုးဖုတ်(အိုးဖို)ရကြောင်းသိရပြီး တစ်အိမ်ထောင်လျှင် တစ်ရက် ထန်းဆွဲမြူအိုး နှစ်ရာကျော်ပြု လုပ်ရောင်းချနေရကြောင်းသိရသည်။

ကိုထိန် (ငါ့သရောက်)