ပဲခူး ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၉)နာရီ အချိန်က e-Government အထောက်အကူပြု e-Office System အသုံးပြုနည်း သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ Host Myanmar Co., Ltd , မန်နေးဂျင်းဒါရိုက် Director ဦးကျော်စွာသန့်က e-Office System နှင့် ပတ်သက်၍ မိတ်ဆက်ပေးခြင်းနှင့် e-Office System အသုံးပြုရခြင်း ရည်ရွယ်ချက်ကို လည်းကောင်း၊ Host Myanmar Co., Ltd ဒါရိုက်တာ ဦးသန်းနိုင်စိုးက e-Office System လက်တွေ့ အသုံးပြုနိုင်ရေးတို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် သင်တန်းတက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အမှုထမ်း၊ အရာထမ်းတို့က ရုံးစာများအား e-Office System ဖြင့် အသုံးပြုခဲ့ကြပြီး အစိုးရအဖွဲ့ရုံး၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ ဝန်ထမ်းများက သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ e-Office System အသုံးပြုခြင်းအားဖြင့် e-Government လျှင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ရုံးဝန်ထမ်းများ နည်းပညာနှင့် ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေရန်၊ ရုံးလုပ်ငန်းများ လုံခြုံလျှင်မြန်ချောမွေ့စေရန်၊ အဂတိတရား ကင်းရှင်းစေရန်နှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ထိရောက်မြန်ဆန်နိုင်စေရေး ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တောင်ငူကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်၊ ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်များ အသင်းမှ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ရုံး အမှုထမ်း/အရာထမ်းများနှင့် Host Myanmar Co., Ltd, မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)