ညောင်လေးပင်မြို့နယ်ရှိ ကုန်ထုတ်မြေသားလမ်း ဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ညောင်လေးပင် ဖေဖော်ဝါရီ   ၂၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက်နေသော လက်ပံဘုအနောက်ကျေးရွာရှိ ကုန်ထုတ်မြေသား လမ်းနှင့်တံတား (Box Culvert) (၂)စင်း၏လုပ်ငန်း ဆောင်ရွက် နေမှုအား  ယမန်နေ့ မွန်းလွဲ ၁ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းအား ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ် မူလရန်ပုံငွေမှ ငွေကျပ် ၃၀ ဒဿမ ၃၈၆ သန်းအကုန်အကျခံ ဆောင်ရွက်ခြင်းဖြစ်ပြီး (၀မိုင်/၇.၆ဖာလုံ × ၁၂‌ ပေ × ၂ ပေ ) အတိုင်းအတာရှိသည့် ကုန်ထုတ်မြေသားလမ်း နှင့် ရေသွားရေလာကောင်းစေရန် (၂၀ပေ ×  ၄ပေ၉လက်မ ×  ၉လက်မ) တံတား (Box Culvert) (၂)စင်း တို့အား တင်ဒါရကုမ္ပဏီဖြစ်သည့် မိုးထိထွန်းကုမ္ပဏီမှ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ချောစုဇံနှင့် ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်မော်သန်း၊ ခေတ္တမြို့နယ် ဦးစီးမှူး ဦးမင်းမင်းသိမ်း နှင့် ကျေးလက်အင်ဂျင်နီယာ ဝန်ထမ်းများပါဝင်ပြီး  ကျေးရွာကော်မတီဝင်များ နှင့် တွေဆုံ ဆွေးနွေးကာ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့‌ကြောင်းသိရသည်။

သက်လွင် (ညောင်လေးပင်)