တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန် ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် တရားရုံးဝင်းအတွင်းရှိ တရားရုံးအဆောက်အဦ၏ နောက်ကျောတွင်ရှိသော သက်သေခံဆိုင်ကယ်များထားရှိသည့် အဆောင်တွင် ယနေ့ နံနက် ၁ နာရီ ၁၂ မိနစ်က မီးလောင်မှုဖြစ်ပွား ခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခိုင်ဝင်း၊ စခန်းမှူး ဒုရဲမှူး ရွှေဌေးနှင့်အဖွဲ့၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမြင့်ဆွေ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းအောင်နှင့်အဖွဲ့၊ တောင်ဥက္ကလာပမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးမှူး ဦးဇင်မင်း၊ မီးငြိမ်းသတ်ယာဉ် (၄)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦးနှင့် အရံမီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦးတို့မှ သွားရောက် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၁၇ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် တရားရုံး(၂)ထပ်အဆောက်အဦ၊ တရားရုံးအချုပ်ခန်း၊ မြို့နယ်မှုခင်းမှတ်တမ်း တာဝန်ခံရုံးနှင့် ပတ်ဝန်းကျင်သို့ ကူးစက်လောင်ကျွမ်းမှုမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ စုံစမ်းရှာဖွေခဲ့ရာတွင် လျှပ်စစ်နှင့်ပတ်သက်၍ လောင်ကျွမ်းခြင်းမဟုတ်ဘဲ အခြားတစ်စုံတစ်ဦး၏ ပေါ့လျော့မှုကြောင့် မီးလောင်ရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်  မီးပေါ့လျော့စွာ သုံးစွဲခဲ့သူအား စုံစမ်းဖော်ထုတ်၍ အရေးယူဆောင်ရွက်နိုင်ရေး အတွက် တောင်ဥက္ကလာပမြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေထက်အောင်