ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးနှင့်ကြိုတင်တားဆီး ကာကွယ်ရေးလုပ်ငန်းစဉ်အဖြစ် ရပ်ကွက်ပြည်သူများနှင့်ပူးပေါင်း၍ မီးငြှိမ်းသတ်မှု ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲက အောင်မင်္ဂလာ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး အနီးတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်မှုကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဌေး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းနှင့် ဆယ်အိမ်မှူး/ရာအိမ်မှူးများ၊ ရပ်ကွက်ပြည်သူများ ပါဝင်၍ မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ် ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး စုစုပေါင်း(၅)စီးဖြင့် အရေးပေါ် မီးလောင်မှုဖြစ်စဉ်တွင် မီးသတ်ကားများ ဦးစားပေးမောင်းနှင်မှု၊ မီးသတ်ကားများနေရာယူပြီးပါက ပိုက်ဆက်ပိုက်သွယ် ခြင်းများတွင် မီးသတ် တပ်ဖွဲ့ဝင်များနှင့်ပြည်သူများ ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်မှုတို့ကို ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
“ ကျွန်တော်တို့ ဒီလိုဇာတ်တိုက်လေ့ကျင့်မှုလုပ်ငန်းတွေ လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ပထမအချက်က မိမိတပ်ဖွဲ့ဝင်တွေက အမြဲအဆင်သင့်ဖြစ်နေစေဖို့နဲ့ ဖြစ်ပေါ်လာတဲ့ အခြေအနေ ပေါ်ကို ကြည့်ပြီး ဟန်ချက်ညီညီ လှုတ်ရှားတတ်စေဖို့၊ ဒုတိယ အချက်က မီးသတ်ကား အရေးပေါ်ထွက်ခွာရာလမ်းကြောင်းမှာ ပြည်သူတွေက ဦးစာပေးစနစ်နဲ့ သွားလာ လှုပ်ရှားတတ်စေဖို့နဲ့ မီးငြှိမ်းသတ်ရာမှာ ပူးပေါင်းဆောင်ရွက်တတ်စေဖို့၊ တတိယအချက်ကတော့ ဒီလိုဇာတ်တိုက် လေ့ကျင့်တဲ့အချိန်မှာ မီးသတ် ကားတွေ သွားလာလှုပ်ရှားမှုကို ပြည်သူတွေမြင်တွေ့ပြီး မီးဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ သတိတွေအမြဲရှိနေစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက် ရခြင်းဖြစ်ပါတယ်” ဟု မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဇော်ဌေးကပြောသည်။
အဆိုပါမီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းကို မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး၊ အရန် တပ်ဖွဲ့ဝင် (၈)ဦး၊ ရပ်ကွက်နေပြည်သူ (၃၀)ဦး စုစုပေါင်း(၅၃)ဦးတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ မြို့ပေါ် (၁၂)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လာရောက်လေ့ လာခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)