ဂန့်ဂေါမြို့နယ်တွင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူလျက်ရှိ

ဂန့်ဂေါ ဇန်နဝါရီ ၁၁

ဂန့်ဂေါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဇန်နဝါရီ ၂ ရက်မှ စတင်ကာ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူလျက်ရှိရာ ကောက်ကွက်ပေါင်း မြို့ပြ ၂ နေရာနှင့် ကျေးလက် ၁၈ နေရာတို့ ကောက်ယူပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ကောက်ယူရာတွင် “တာဝန်ကျစာရင်းစစ် ဒေါမိုင်ဗျက်ချင်းပါရ် ဦးဆောင်တဲ့ အဖွဲ့(၁)က ကျောတိုက်၊ စည်ပင်သာယာ ရပ်ကွက်များနဲ့ ဝက်ချီပါရွာ၊ မင်းရွာ၊ ခေါင်းတုံ ကျေးရွာများ၊ ကျောမြို့ပေါ် ရပ်ကွက်များ၊ တာဝန်ကျစာရင်းစစ် ဦးမင်းထက်သာ ဦးဆောင်တဲ့အဖွဲ့က ဟံသာဝတီ၊ လယ်ကြီး၊ ရွှေဘို၊ မြင်သား၊ နှမ်းခါး၊ မွှေ့လယ်၊ ရေရှင်မ၊ ကန် စတဲ့ကျေးရွာများ၊ တာဝန်ကျစာရင်းစစ် ဒေါ်ကြူကြူမြင့် ဦးဆောင်တဲ့အဖွဲ့က ရှုံးရှီ၊ ဇာဟော၊ စိုင်ဒူး၊ ကျော်ရွာ၊ မောက်၊ တောင်ယာပြင် စတဲ့ကျေးရွာများမှာ ကွင်းဆင်း ကောက်ယူကြတာဖြစ်ပါတယ်” ဟု မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်က ပြောသည်။

စာရင်းကောက်ယူခြင်း လုပ်ငန်းကို ဇန်နဝါရီ ၂ ရက်မှ ၁၅ ရက်ထိ ဆောင်ရွက်ကြမည်ဖြစ်ပြီး ကောက်ကွက် ကျေးလက် ၆ နေရာသာ ကျန်ရှိကြောင်းနှင့်  ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြားကာလရှိ မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်း အချက်အလက်များကို အချိန်နှင့် တပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များ၏ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာ သုတေသနပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း Myanmar Sustainable Development Plan-(MSDP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော ညွှန်းကိန်းများ ရရှိစေရန် ရည်ရွယ် ကောက်ယူခြင်း ဖြစ်ကြောင်း သိရသည်။

တောင်သားမောင်သန်း