ကျောင်းကုန်းမြို့နယ်တွင် 66/11 KV, 10MVA ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးသွားပါက ကျေးရွာ(၁၃) အုပ်စု လျှပ်စစ်မီး ရရှိတော့မည်

ကျောင်းကုန်း  ဇန်နဝါရီ ၁၂

ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်အုပ်စု၊ လှည်းဆိပ်ကျေးရွာတွင် အာရှဖွံ့ဖြိုးရေးဘဏ် ADB ချေးငွေဖြင့် ဆောင်ရွက်ရန် အဆိုပြုထားသော လျှပ်စစ်ဓာတ်အားသုံး စနစ်သို့ အရှိန်အဟုန်မြှင့် ပြောင်းလဲခြင်း ဥပဒေစီမံကိန်း Accelerated Rule Electrification Project အတွက် အာရှဖွံ့ဖြိုးရေးဘဏ် အထူးတာဝန်ထမ်းဆောင်သောအဖွဲ့ ADB Mission အဖွဲ့မှ Site Visit လာရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီခွဲ အချိန်က ကျင်းပခဲ့ သည်။

ရှေးဦးစွာ လျှပ်စစ်စွမ်းအင်ရေးရာ ကော်မတီဥက္ကဋ္ဌ ဦးစိုးခိုင်က (၃)မိုင် ပြီးသွားလျင်(၅)မိုင်၊ ပြီးရင်(၁၀) မိုင်အတွင်း ပြည်သူလူထုများ လျှပ်စစ်မီးရရှိရေးကို ဆောင်ရွက်လျက်ရှိပါတယ်၊ ယခုပထမဆင့်အနေနဲ့ (၂)မိုင်အတွင်း ကျေးရွာ ဧရာဝတီတစ်တိုင်းလုံးမှာ (၆၅၃)ရွာ မီးလင်းရေး ဆောင်ရွက်ပြီးစီးတော့မှာ ဖြစ်ပါတယ်၊ ဒုတိယဆင့်အနေနဲ့ ရွာပေါင်း(၈၃၁)ရွာ မီးလင်းရေး ဆောင်ရွက်တော့မှာ ဖြစ်ပြီး၊ တတိယ အဆင့်အနေနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်နဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ လျှပ်စစ်မီးရရှိမှု အားနည်းနေတဲ့အတွက် အားစိုက်ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ADB  Mission အဖွှဲ့ Principal Energy Economist မှ Bai Quy Thanh က အိမ်တိုင်း အိမ်တိုင်း လျှပ်စစ်မီးရရှိစေရမယ်ဟု ပြောကြားပြီး၊ ဒေသခံပြည်သူများလည်း ပါဝင်ဆွေးနွေးစေ ချင်ကြောင်း ပြောကြားခဲ့သည်။ လှည်းဆိပ်အုပ်စု၊ တာဦးကျေးရွာမှ ဦးခင်ဝင်း က လှည်းဆိပ်အုပ်စု ထဲမှာ ရွာစဉ်ဝေးတဲ့ ဘူတာစုရွာနဲ့ အပင်နှစ်ဆယ်ရွာမှာ လက်လုပ်လက်စားတွေ များတဲ့အတွက် မီးလင်းနေသော်လည်းပဲ ငွေအားမတတ်နိုင်တဲ့အတွက် မီးမဆွဲနိုင်ဖြစ်နေတာကို ဘယ်လိုကူညီဆောင်ရွက်ပေးနိုင်မလဲဆိုတာ သိချင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါလှည်းဆိပ်ကျေးရွာတွင် တည်ဆောက်မည့် ဓာတ်အားခွဲရုံသည် 66/11 KV, 10 MVA ဖြစ်ပြီး၊ လှည်းဆိပ်အုပ်စုအပြင် လက်ပန်ချောင်အုပ်စု၊ ဂုန်မင်းအုပ်စု၊ ရေတာကြီးအုပ်စု၊ ဇီးချောင်အုပ်စု၊ ထန်းတပင်အုပ်စု၊ ဗြိုက်ကြီးအုပ်စု၊ ကံကလေးအုပ်စု၊ ဆိပ်ဖူးနီအုပ်စု၊ ရွှေပန်းငူအုပ်စု၊ ကျုံဖားရိုးအုပ်စု၊ သဲကုန်အုပ်စု၊ ရင်ဆိုင်အုပ်စုတို့ အကျိုးပြုမည့် ဓာတ်အားခွဲရုံဖြစ်ကြောင်း လှည်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးပိုင် က ပြောသည်။

ကျွန်တော်တို့ လှည်းဆိပ်ကျေးရွာဟာ ရေကြည်ဓာတ်အားခွဲရုံကနေ ကံကလေးကျေးရွာမှတစ်ဆင့် သွယ်တန်းယူရာ လျှပ်စစ်မီးအား(၁၅၀)သာ ရရှိပြီး၊ ယခု ဓာတ်အားခွဲရုံတည်ဆောက်ပြီးပါက လျှပ်စစ်မီးအား ကောင်းမွန်စွာ သုံးစွဲနိုင်တော့မှာဖြစ်တဲ့အတွက် လူကြီးမင်းများကို အထူးကျေးဇူး တင်ရှိပါကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ကြောင်းသိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)