ငဖဲ ဇန်နဝါရီ ၁၂
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် ငဖဲမြို့နယ် ကျန်းမာရေးမှူးအသင်းနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်းတို့ ပူးပေါင်းဆောင်ရွက်သော ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် အခမဲ့ဆေးကုသပေးခြင်းလုပ်ငန်းများကို ယမန်နေ့က ရှောက်တောင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ကျန်းမာရေးမှူးအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ချမ်းသင်၊ ဒု-ဥက္ကဋ္ဌ ဦးသက်နိုင်ဝင်း၊ မကွေးတိုင်းကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွန်းနှင့် ဝန်ထမ်းများအဖွဲ့က ရှောက်တောင်၊ လေသာကုန်း၊ ညောင်ကိုင်းကျေးရွာအတွင်း ယင်လုံအိမ်သာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ထို့နောက် နေ့လယ် ၁နာရီတွင် ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထင်ကျော် က အဖွင့်အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး ကျန်းမာရေးမှူးအသင်း ဒု-ဥက္ကဋ္ဌ ဦးသက်နိုင်ဝင်း က မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို လည်းကောင်း၊ ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်းဥက္ကဋ္ဌ ဦးတင်မောင်ဝင်း မှ ယင်လုံအိမ်သာနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးအကြောင်းများကို အသိပညာပေး ဟောပြောသည်။
ထို့နောက် ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထင်ကျော်၊ ပဒါန်းတိုက်နယ် ဆရာဝန် ဒေါက်တာအောင်ကျော်နိုင်၊ သွားဆရာဝန် ဒေါက်တာနိုင်တိုးဦး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ရှောက်တောင်ကျေးရွာအုပ်စု အတွင်းရှိ ဒေသခံပြည်သူ(၈၉)ဦးအား အထွေထွေရောဂါ စမ်းသပ်ကုသပေးခြင်း၊ ပြည်သူ(၁၆ )ဦးအား သွားကျန်းမာရေးကုသပေးပြီး ပဒါန်း မြတ်မြင့်မိုရ် အထူးကုဆေးခန်းမှ ဒေသခံပြည်သူ(၄၉)ဦးအား အသည်းရောင် အသားဝါ၊ ဘီပိုး၊ စီပိုး၊ သွေးအားနည်းရောဂါ၊ ဆီးချို သွေးချို နှင့် HIVရောဂါပိုး ရှိ၊မရှိ အခမဲ့ သွေးစစ်ဆေးခြင်း၊ သွေးအုပ်စုခွဲခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)