ရမည်းသင်းမြို့နယ် ကန်ထက်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦဖွင့်ပွဲ ကျင်းပ

ရမည်းသင်း   ဇန်နဝါရီ   ၁၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကန်ထက်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်၊ သယံဇာတနှင့်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင့်အားဝန်ကြီး ဦးအောင်ကြည်၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် ဦးအောင်မျိုးဦးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ဖြန်းပေးကြပြီး ကျန်းမာရေးဌာနခွဲ အဆောက်အဦအတွင်း ရုံးခန်း၊ ဆေးသိုလှောင်ခန်း၊ သားဖွားခန်းနှင့် ဆေးကုသခန်းတို့ကို လှည့်လည်ကြည်ရှု့ခဲ့ကြသည်။

ထို့နောက် ‘ဒုတိယပိုင်း အခမ်းအနားကို ကန်ထက် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်မှ အမှာစကားပြောကြားပြီး ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော် မှ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦဖွင့်ပွဲအထိမ်းအမှတ် Crystal ဒိုင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်နှင့် ဝန်ကြီးများထံ ပေးအပ်ပြီး ကန်ထက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဦး မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ရမည်းသင်းမြို့နယ် ကန်ထက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦကို ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် (၅၉.၇)သန်းဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦ အလျား၄၁ ပေ၊ အနံ ၃၀ပေနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦ အလျား ၃၈ပေ၊ အနံ ၂၅ ပေ အဆောက်အဦကို Traid  ကုမ္ပဏီမှ  ဆောက်လုပ်ကြောင်းသတင်းရရှိသည်။

ဇော်ဝင်းအောင်(ရမည်းသင်း)