နောင်ချိုမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDများ ကွင်းဆင်းဆောင်ရွက်ပေး

နောင်ချို ဇွန် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ပြုလုပ်ပေးခြင်းကို ဇွန်လ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းရှိ ပတ္တမြားခန်းမဆောင်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းအေးနှင့် ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့် ကျောင်းသား (၃၉) ဦး၊ ကျောင်းသူ (၄၆) ဦး စုစုပေါင်း (၈၅) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ နေ့ချင်းပြီး ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးဝင်းမင်းလတ်၊ ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ကျောက်မဲခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ရာတွင် လိုအပ်သော ထောက်ခံချက်များ ရရှိနိုင်ရေးအတွက် အဆိုပါကျောင်းသို့ လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

မြို့နယ်ပြန်/ဆက်