ပွင့်ဖြူမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းသားကျောင်းသူ ၁၇၇၄၀ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိ

ပွင့်ဖြူ ဇွန် ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် (၁) ရက်နေ့မှစတင်၍ ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း ၁၇၇၄၀ ဦး စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ယခု ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်တွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ဆရာ၊ ဆရာမ များက ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမပြုပဲ ကျောင်းဝတ်စုံ ၊ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးအပ်ပြီး ကျောင်းသားကျောင်းသူများကို စနစ်တကျ ကျောင်းအပ် လက်ခံခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ ကျောင်းသားကျောင်းသူဦးရေ ၁၇၇၄၀ ဦး ကျောင်းအပ်နှံပြီး ဖြစ်ကြောင်း၊ အဆိုပါကျောင်းအပ်နှံပြီးသော ကျောင်းသားကျောင်းသူများသည် မိမိတို့ သက်ဆိုင်ရာကျောင်းများတွင် စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃) ကျောင်းအပါအဝင် အခြေခံပညာကျောင်းပေါင်း ၁၆၉ ကျောင်းရှိပြီး ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်သိ မိဘပြည်သူများက ကျောင်းအပ်နှံရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း၊ ကျောင်းတက်ကျောင်းဆင်းချိန်များ၌ ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)