တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ၌ လူငယ်နှင့် အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဒဂုံဆိပ်ကမ်း ဇွန် ၈

နိုင်ငံတော်၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် သားကောင်းရတနာများနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၌ လူငယ်နှင့် အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီမှ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)က “ လူငယ်နှင့်နိုင်ငံတော် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး” အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီမှ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) အား ဂုဏ်ပြုလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) မှ ကျောင်းအုပ်ဆရာကြီးအား အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံ လူငယ်ရေးရာ လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) မှ ကျောင်းအုပ်ဆရာကြီးနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ကျောင်းသား/ သူများ တက်ရောက်ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ဖြိုးစန္ဒာကျော် (ပြန်/ဆက်)