ဆိပ်ကြီးခနောင်တို ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်ပိုင်းက သခင်ဘသောင်းရပ်ကွက်တွင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောမောင်သန်း၊ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင်တို့ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ လူနေအိမ်များအတွင်း မီးလောင်၊ မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် လျှပ်စစ်မီးသွယ်တန်းသုံးစွဲနေမှုအခြေအနေများ၊ မီးငြိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများထားရှိရေး မီးစနစ်တကျဂရုပြုသုံးစွဲရေး၊ အမှိုက်နှင့် လောင်စာများအား စနစ်တကျစွန့်ပစ်ရေး၊ ညအိပ်ချိန်ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေများအား စနစ်တကျ သေချာစွာ ဂရုပြုငြိမ်းသတ်ရေး၊ သဲအိတ်၊ ရေအိတ်များ၊ မီးချိတ်၊ မီးကပ်များ စနစ်တကျထားရှိရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရေးတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိရာ ကျန်ရှိသော ရပ်ကွက်များတွင်လည်း ယခုကဲ့သို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံအသိပညာပေးဟောပြောခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)