မြစ်သား ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိတောင်သူများ ယခုနှစ် မိုးစပါးစိုက်ပျိုး ရာသီအတွက်အချိန်မီစိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများက မိမိတို့၏ လယ်ယာမြေများအားထယ်ရေးညက် အောင်ထွန်ယက်ပြုပြင်ခြင်းလုပ်ငန်းများ ကြိုတင်ပြင် ဆင်ဆောင်ရွက်လုပ်ကိုင်နေကြကြောင်း မြစ်သားမြို့နယ် ငါးဆူကျေးရွာမှ မိုးစပါးစိုက်ပျိုးတောင်သူများထံမှ သိရသည်။
မြစ်သားမြို့နယ်ရှိ တောင်သူများအနေဖြင့် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြရာမိုးစပါးနှင့် နွေစပါးကိုအား ထားစိုက်ပျိုးကြသည်။ စိုက်ပျိုးရာသီကာလတွင် စပါးမျိုးကို အချို့တောင်သူများကကိုယ်ပိုင်မျိုးစေ့ဖြင့် စိုက်ပျိုးကြပြီး အချို့တောင်သူများက ကာလပေါက်ဈေးပေးကာ ဝယ်ယူစိုက်ပျိုးကြကြောင်း သိရသည်။
“ကျွန်တော်တို့မိုးစပါးစိုက်ပျိုးနိုင်ရန် ဒေသခံတောင်သူတွေဟာ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် စပါးစိုက် ပျိုးမယ့်လယ်ယာမြေတွေကို ထယ်ရေးညက်အောင် ထွန်ယက်ကြရာမှာ ကိုယ်ပိုင်ထွန်စက်နှင့် ထွန်ယက်ကြသူတွေရှိသလို ငှားရမ်းထွန်ယက်သူများလည်းရှိပါတယ်။ ငှားရမ်းထွန်ယက်သူများအနေဖြင့် လယ်တစ် ဧကကိုထွန်စက်ငှားရမ်းခ ကျပ် ၇၅၀၀၀ မှ ကျပ် ၈၀၀၀၀ ပေးငှားပြီးထွန်ကြရပါတယ်” ဟု ဒေသခံတောင်သူတစ်ဦးထံမှသိရသည်။
မြစ်သားမြို့နယ်အတွင်းရှိတောင်သူများမှာ စပါးကို အဓိကထားစိုက်ပျိုးကြသည့်အတွက် ပြည်တွင်းစားသုံး ဆန်ဖူလုံရေးကို များစွာအထောက်အကူပြုလျက်ရှိ သည်။ဒေသခံတောင်သူများအနေဖြင့် သွင်းအားစုစရိတ်များကြီးမြင့်သော်လည်း မိုးလေဝသကောင်းမွန်၍ အလေအလွင့်ဆုံးရှုံးမှုနည်းကာ သီးနှံအထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်များရရှိ အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)