ဖောင်းပြင် ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ သင်ကြားမည့်ဘာသာရပ်များနှင့်ပတ်သက်၍ စည်းရုံးဟောပြောပွဲကို ဇွန် ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဖောင်းပြင်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်စိုးထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ၎င်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းက စိုက်ပျိုးရေးနှင့်ပတ်သက်၍ သင်ယူမှုအခွင့်အလမ်းများအားလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဝေလင်းထွန်းက မွေးမြူရေး၊ ကုသရေးနှင့်ပတ်သက်၍ ပညာသင်ယူမှုအခွင့်အလမ်းများအား လည်းကောင်း၊ မြို့နယ်ပညာရေးမှူး (ငြိမ်း) ဦးဝင်းညွန့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းအား တက်ရောက်ခြင်းဖြင့် မိသားစုနှင့် နိုင်ငံတော်အပေါ် အကျိုးပြုနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါ စည်းရုံးဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖောင်းပြင်မြို့ အခြေခံပညာအထက်တန်း ကျောင်း၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)