မုဒုံမြို့နယ်တွင် လူထုကျန်းမာရေးလုပ်သားသင်တန်း ဖွင့်လှစ်

မုဒုံ   ဇွန်    ၉

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လူထုကျန်းမာရေးလုပ်သား (အကျဥ်းချုံး)သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက  မြို့နယ်ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်က အခြေခံကျန်းမာရေးဝန်ထမ်းများနှင့်အတူ စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းတက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ကြောင်း ရှင်းလင်းပြောကြားသည်။ သင်တန်းတွင် ကျန်းမာရေးသဘောတရားများ၊ကူးစက်ရောဂါများ၊ မကူးစက်နိုင်သော ရောဂါများ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ မိသားစုကျန်းမာရေး၊ သမားရိုးကျရောဂါများ၊ ဖွားသေစာရင်းမှတ်ပုံတင်ခြင်းနှင့် ကျန်းမာရေး စာရင်းအင်းများ ကောက်ယူခြင်း၊ ကျန်းမာရေးပညာပေးခြင်းစသည့် သင်ခန်းစာများအား ပို့ချ သွားမည်ဖြစ်သည်။

သင်တန်းတွင် နည်းပြဆရာ (၆)ဦးက သင်ခန်းစာများကို (၁၀)ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး ရပ်ကွက်/ ကျေးရွာများရှိ ကျန်းမာရေး စေတနာ့ဝန်ထမ်း (၂၃)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)